ပွင့်ဖြူမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

ပွင့်ဖြူ ဧပြီ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းဆောင်ရွက်ရန် ရှင်းလင်းပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က  မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း မြို့နယ်အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက စီမံကိန်းနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဖြည့်စွက်ဆွေးနွေးပြောကြားကာ တက်ရောက်လာသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာ (၂၉)ရွာမှ လုပ်ငန်းကော်မတီဝင်မျးက မိမိတို့ကျေးရွာအလိုက် (၁)နှစ်တာကာလအတွင်း စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ တွေ့ကြုံရသည့် လုပ်ငန်းအခက်အခဲ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာအလိုက် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့်  မြို့နယ်မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင်ကျေးရွာများမှ လုပ်ငန်းကော်မတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

 လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)