လိပ်သိုဒေသတွင် အစေးလှီးခြင်းနှင့် ရော်ဘာပြား ထုတ်လုပ်ခြင်း လုပ်ငန်းများ ပုံမှန်လုပ်ကိုင်လျက်ရှိ

လိပ်သို ဧပြီ ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးသော တောင်သူများမှာ ရော်ဘာရွက်များ ပြန်လည်ရင့်လာချိန် အစေးလှီးခြင်းနှင့် ရော်ဘာပြားများ ထုတ်လုပ်ခြင်း လုပ်ငန်းများကို ပုံမှန်ပြန်လည် လုပ်ကိုင်လျက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။

ယခင်လများက ရော်ဘာပင်များ ရွက်ဟောင်းကြွေ၍ အရွက်နုများ ပြန်ထွက်လာချိန် ရော်ဘာအစေးလှီးခြင်းလုပ်ငန်းကို တစ်လတာ ခေတ္တရပ်နားထားပြီး ယခုအခါ အရွက်များ ပြန်လည် ရင့်ချိန် ပုံမှန်ပြန်လည်လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်သည်။

အဆိုပါ ရော်ဘာလုပ်ငန်းမှ ထွက်ရှိလာသော ရော်ဘာပြားများကို အခြောက်ခံခြင်း၊ မှိုင်းခံခြင်းများ ပြုလုပ်ပြီး မိမိတို့ကျေးရွာများရှိ ဝယ်ယူသူများနှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ရော်ဘာ အဝယ်ဒိုင်များသို့ ပို့ဆောင်ရောင်းချကြကာ မှိုင်းခံပြားတစ်ပေါင် လျှင် (၁၇၀ဝိ/-) ကျပ်မှ (၁၇၅ဝိ/-) ကျပ်၊ နေလှန်းပြားတစ်ပေါင်လျှင် (၁၅၅ဝိ/-) ကျပ်မှ (၁၆၀ဝိ/-) ကျပ်၊ ဆွဲဖတ်တစ်ပေါင်လျှင် (၆၅ဝိ/-) ကျပ်မှ (၇၅ဝိ/-)  ကျပ်၊ ခွက်ကပ် တစ်ပေါင်လျှင် (၆၀ဝိ/-) ကျပ်မှ (၇၀ဝိ/-) ကျပ် အထိ ဈေးရရှိနေ၍ ရော်ဘာတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထား လုပ်ကိုင်ကြရာ ရော်ဘာပင်များအပြင် ဖာလာ၊ တညင်း၊ ကွမ်းသီး၊ ကော်ဖီစသည့် နှစ်ရှည်ပင်များကိုလည်း စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)