ဘုရားသုံးဆူ ဧပြီ ၁၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ၂၀၂၃ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင်သံဃာများအား အောင်လက် မှတ်ဆက်ကပ်ပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းကအမှတ်(၃)ရပ်ကွက် ဓမ္မဟေဝန် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်လာ ကြသူများမှ "နမောတဿ " သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီးနောက် ပြည်နယ်အကျိုးတော်ဆောင် ဆရာတော်ထံမှ ငါးပါးသီလခံယူခြင်း၊လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်း၊ စာအောင်သံဃာများအား စာအောင်ဆုလက်မှတ်နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ မွန်းတည့် ၁၂ နာရီတွင် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ကရင်ပြည်နယ် သံဃနာယကအကျိုးတော်ဆောင်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝဏ္ဏိဿရ သဒ္ဓမ္မဝါစီ(မင်းကျောင်း)၊ ဘုရားသုံးဆူမြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ ကြီးကြပ်ရေး ဆရာတော်များအပါအဝင် ပင့်သံဃာ(၁၇)ပါး၊ စာအောင်သံဃာ/သီလရှင် (၁၃)ပါးကြွရောက်ခဲ့ပြီး ရတခလရ (၂၈၄)တပ်ရင်းမှူး၊ ဘုရားသုံးဆူမြို့အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များ၊ သာသနာရေးမှူးနှင့် အလှူရှင်များ စုစုပေါင်းအင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူ(ပြန်/ဆက်)