ထားဝယ်၊ နိုဝင်ဘာ ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းဆွေ၊ တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကနှင့်အဖွဲ့ဝင်များသည် နိုဝင်ဘာ ၄ ရက်နေ့က ထားဝယ်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံပညာကျောင်းများတွင် မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းဆွေက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အတွင်း ရေးမှူးများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား မဲရုံများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ရန်၊ မဲရုံများတွင်တာဝန်ယူဆောင်ရွက်ကြမည့်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မခံရရေး စည်းကမ်းချက်များနှင့်အညီဆောင်ရွက်ရန်၊ လုံခြုံရေးဆိုင်ရာများဆောင်ရွက်ထားရှိမှုအခြေ အနေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ကြရန်၊ ဆန္ဒမဲများပေးရာတွင် ပွင့်လင်းမြင် သာမှုရှိရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထားဝယ်မြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု (၄၃) အုပ်စု၊ မဲရုံပေါင်း (၁၀၄) ရုံရှိပြီး တာဝန်ထမ်းဆောင်မည့် မဲရုံဝန်ထမ်း (၁၇၇၂) ဦး၊ တိုင်းရင်းသားမဲဆန္ဒရှင်အပါအဝင် မဲဆန္ဒရှင်ဦးရေ(တစ်သိန်းသုံးသောင်းလေးထောင်ခုနှစ်ရာနှစ်ဆယ့်သုံး) ရှိကြောင်း သတင်းရရှိသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)