စလင်း ဧပြီ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် သတင်းရေးသားနည်းသင်တန်းကို ယနေ့ နံနက် (၉) နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သတင်းရေးသားလုပ်ကိုင်ဆောင်ရွက်နေသော ဓာတ်ပုံဝန်ထမ်း (၂) ဦးနှင့် မြို့နယ်ရုံးရှိ ဝန်ထမ်းများအား သတင်းရေးသားခြင်းဆောင်ရွက်ရာ၌ သိရှိနားလည်၍ ရေးသားတတ်စေရန် သင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဦးအေးလင်းက ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သတင်းရေးသားနည်းသင်တန်းကို စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအေးလင်းက သတင်းများပေးပို့ရာတွင် လိုက်နာရမည့်အချက်များနှင့် သတင်းကောင်းတစ်ပုဒ်ဖြစ်စေရန် အစ၊ အလယ်၊ အဆုံး ပါဝင်ရေးသားရမည့်အချက်များနှင့် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်းများကိုလည်း ဆွေးနွေးပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ သတင်းရေးသားနည်းသင်တန်းကို ဝန်ထမ်း (၇) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
(မောင်လွင်)စလင်း