မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

မကွေး  ဧပြီ  ၁၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့်အတူ ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လျှပ်စစ်ဝန်ထမ်းများအနေဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားခကြွေးကျန်များကျဆင်းရေး၊ ဓာတ်အားရရှိချိန်အတွင်း လိုင်းအပြစ်ကြောင့် ဓာတ်အားပြတ်တောက်မှုများ မဖြစ်ပေါ်စေရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ မကွေးတိုင်းအတွင်းမှာ ယခင်က ဓာတ်အားထုတ်လုပ်မှုအနေဖြင့် မုန်းချောင်းစက်ရုံမှ (၇၅)မဂ္ဂါဝပ်၊ ကြီးအုံ ကြီးဝစက်ရုံမှ (၇၅)မဂ္ဂါဝပ်၊ မြစ်သာစက်ရုံမှ (၄၀)မဂ္ဂါဝပ်၊ မင်းဘူးဆိုလာစက်ရုံမှ (၄၀)မဂ္ဂါဝပ်၊ စုစုပေါင်း (၂၃၀)မဂ္ဂါဝပ် ထုတ်လုပ်လျက်ရှိရာမှ ယခုဆိုရင် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေး စက်ရုံတွေဖြစ်တဲ့သော စေတုတ္တရာဆိုလာစက်ရုံမှ (၃၀)မဂ္ဂါဝပ်၊ ကြီးအုံကြီးဝဆိုလာစက်ရုံမှ (၃၀)မဂ္ဂါဝပ် အသီးသီး တိုးတက်ထုတ်လုပ်ကာ စုစုပေါင်း(၂၉၀) မဂ္ဂါဝပ်အထိ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိပါကြောင်း၊ ထို့အပြင် မကွေးမြို့၊ သပြေစမ်းကျေးရွာအနီးတွင် သဘာဝဓာတ်ငွေ့သုံးစက်တပ်ဆင်အင်အား (၁၂၆)မဂ္ဂါဝပ်နှင့် နေရောင်ခြည်စွမ်းအင်သုံး စက်စွမ်းအား (၁၀၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် (Gas Engine + Solar) Hybrid ဓာတ်အားပေး စက်ရုံစီမံကိန်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မင်းဘူးဆိုလာစက်ရုံမှလည်း ဒုတိယအဆင့် (၄၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထပ်မံပြီး မကွေးမြို့နှင့် (၄)မိုင်ခန့်အကွာ၊ မကွေး-တောင်တွင်းကြီး ကားလမ်း ကွန်ပျူတာတက္ကသိုလ်အနီးမှ မကွေးစက်မှုဇုံ အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းစက်မှုဇုံအတွက် (၃၃/၁၁)ကေဗွီ၊ (၂၀) အမ်ဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံတည်ဆောက်ပြီး ဓာတ်အားဖြန့်ဖြူးပေးရန်စီစဉ်ထားသော်လည်း ဓာတ်အားစနစ်မှ ဓာတ်အားထုတ်လုပ်မှုလျော့နည်းချိန်များတွင် စက်မှုဇုံအတွင်း စဉ်ဆက်မပြတ် ဓာတ်အားဖြန့်ဖြူးနိုင်ရန် (၂၀)မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးနိုင်မည့် ဆိုလာစက်ရုံ (၁)ရုံကိုပါ တပါတည်းဆောက်ရွက်သွားမှာဖြစ်ပါကြောင်း၊ ထို (၂၀)မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် ဆိုလာစက်ရုံကနေ စက်မှုဇုံသုံးပြီး ပိုလျှံဓာတ်အားတွေကို နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ပို့လွှတ်သွားနိုင်ဖို့ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်နိုင်ဖို့ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိသလို ဖြန့်ဖြူးရေးဌာနမှ ဝန်ထမ်းများအနေဖြင့်လည်း ဓာတ်အားခများ ကောက်ခံရရှိရေးကို ကြိုးစားဆောင်ရွက်ကြရန်၊ ဓာတ်အားခများကောက်ခံရာမှာလည်း ရရှိသင့်သော နိုင်ငံတော်ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး စနစ်တကျ ကောက်ခံသွားရန်လိုအပ်ကြောင်း၊ ပခုက္ကူခရိုင်အနေဖြင့်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ စီစဉ်ပေးမှုဖြင့် လုံခြုံရေးဆောင်ရွက်ပေးခဲ့ရာတွင် ကြွေးကျန် (၄.၇)ဘီလီယံ၊ ယခင်ကြွေးကျန်၏ (၅၀)% ကို ရက်(၄၀)အတွင်း ကောက်ခံရရှိခဲ့သည့်အတွက်လည်း သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်သစ်ကူးရုံးပိတ်ရက်များပြီး၍ ရုံးတွေပြန်ဖွင့်ချိန်မှာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ စီမံကိန်းလျာထားချက်ပါ လုပ်ငန်းတွေ အကောင်အထည်ဖော်ရန်အတွက် စတင်ဆောင်ရွက်ရတော့မှာဖြစ်ပြီး မြို့နယ်တာဝန်ခံများအနေဖြင့်လည်း မိမိတို့မြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ချိန်အတွင်း လုပ်ငန်းများပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ မြို့နယ်များအတွင်း တရားမဝင် ဓာတ်အားသုံးစွဲမှုများမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အမြဲတမ်း စစ်ဆေးကြပ်မတ် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် ပြည်သူကိုဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျောက် ပျူဌာဖော်ရွေစွာဆက်ဆံပြီး စေတနာထားလုပ်ဆောင်ကာ ပြည်သူလူထုလေးစားရသော ဝန်ထမ်းများဖြစ်အောင် ဆောင်ရွက်ကြရန်၊ လုပ်ငန်းတာဝန်များထမ်းဆောင်ရာမှာလည်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် စည်းလုံးညီညွတ်စွာဖြင့် မိသားစုသဖွယ် တက်ညီလက်ညီ ကြိုးစားလုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်သလို မိမိတို့ ရုံးများ၊ ဓာတ်အားခွဲရုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ပတ်ဝန်းကျင်မှာ အမြဲသန့်ရှင်းသပ်ရပ်အောင် ရှင်းလင်းဆောင်ရွက်ထားရန်၊ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ထားရန်၊ ဇာတ်တိုက်လေ့ကျင့်မှုများလဲ ဆောင်ရွက်ထားရန် မှာကြားလိုကြောင်း၊ မြို့နယ်အလိုက် ဓာတ်အားပြတ်တောက်မှုများ လျော့နည်းရေး၊ ဓာတ်အားပျောက်ဆုံးမှုများ လျော့နည်းရေး၊ ဓာတ်အားခ ကြွေးကျန်များ ကောက်ခံရရှိရေးတို့ကို စွမ်းစွမ်းတမံဆောင်ရွက်သွားကြရန် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဂရုတစိုက် လုပ်ငန်းဆောင်ရွက်ကြရန် ရာသီဥတုအပူချိန်တွေ မြင့်မားလာသည့်အတွက် ကျန်းမာရေးကိုလည်း ဂရုစိုက်ကြရန်ကိုလည်း မှာကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးရုံးဝန်းအတွင်းရှိ အသစ်တည်ဆောက်ပြီးစီးသည့် ဧည့်ရိပ်သာ၊ ထရန်စဖော်မာနှင့် ဓာတ်အားခွဲရုံများ ထိန်း/ပြင် ဌာနခွဲနှင့် သစ်ရွက်ခြောက်မှ မြေဆွေးထုတ်လုပ်မှု အခြေအနေများအား  သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ