လှိုင်းဘွဲ ဧပြီ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ မြို့ဟောင်းထန်းတစ်ပင် စေတီတော်မြတ်ကြီးအား ပြန်လည်ပြုပြင်နိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် အလှူငွေ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့ဟောင်းထန်းတစ်ပင်ကျောင်း ဓမ္မာရုံ၌ ကျင်းပရာ လှိုင်းဘွဲမြို့မ ကျောင်းတိုက်အုပ်ဆရာတော် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တဣန္ဒာစာရ၊ လှိုင်းဘွဲမြို့နယ် အခြေချစစ်ဗျူဟာအဖွဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်နှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၂) ဦးမြစိမ်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ ဌာနဆိုင်ရာများနှင့် ဂေါပကအဖွဲ့ဝင်လူကြီးများ တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး လှိုင်းဘွဲမြို့မကျောင်း တိုက်အုပ်ဆရာတော် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဒေါက်တာဘဒ္ဒန္တဣန္ဒာစာရမှ အဖွင့်ဩဝါဒ စကားမြွတ်ကြားချီးမြှင့်ခဲ့ပြီး မြို့ဟောင်းထန်းတစ်ပင် စေတီတော် ဂေါပကအဖွဲ့ဝင် ဦးစောစံမိုးမှ ရငွေ သုံးငွေများအား ရှင်းလင်းတင်ပြ လျှောက်ထားပြီး လှိုင်းဘွဲမြို့နယ် အခြေချစစ်ဗျူဟာအဖွဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်မှ ဒုတိယအကြိမ်မြောက် အလှူငွေကျပ် (၁၄၈)သိန်းကျော်အား ပေးအပ် လှူဒါန်းခဲ့ပြီး ဝမ်းမြောက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အလှူရှင်များအား ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်မှ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး လှိုင်းဘွဲမြို့မကျောင်း တိုက်အုပ်ဆရာတော် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တဣန္ဒာစာရထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချတရာတော် နာယူခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စောဖိုးခွါး (ပြန်/ဆက်)