ကျွန်းစုမြို့တွင် ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိ

ကျွန်းစု ဧပြီ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးအတွက် ဧပြီ (၆) ရက် နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/ကျေးရွာ (၁၄) နေရာတွင် စာသင်ဝိုင်းများဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများ၊ ကျောင်းမနေခဲ့ရသူများ၊ လူဦးရေနှင့် သန်းခေါင်စာရင်း အရ စာမတတ်သူ ကျေးလက်ဒေသနေ ပြည်သူများနှင့် အစွန်အဖျားဒေသရှိ ပြည်သူများအားလုံး စာတတ်မြောက်ရေး၊ တိုင်းရင်းသားပြည်သူများ နိုင်ငံသားများ၏ လူမှုဘဝမြင့်မားရေးအတွက်  အခြေခံစာတတ်မြောက်ရန်နှင့် တာဝန်သိ နိုင်ငံသားကောင်းဆိုင်ရာ အခြေခံအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

အခြေခံစာတတ်မြောက်ရေးအစီအစဉ်သည် အသက်(၁၅)နှစ်နှင့်အထက် လူငယ်နှင့် သက်ကြီးပိုင်းအရွယ် စာမတတ်သူများအား အရေး၊ အဖတ်အတွက် ပညာသင်ကြားခြင်းနှင့်အတူ စာသင်သား တစ်ဦးချင်းစီ၏ လူမှုဘဝမြင့်မားရေးအတွက် အသိပညာများ ဖြန့်ဝေပေးသည့် အစီအစဉ်ဖြစ်ကြောင်း၊ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကို ဧပြီလ (၆) ရက်မှ မေလ(၁၅)ရက်အထိ ရက်ပေါင်း (၄၀)ကြာ တစ်ရက်ပျှမ်းမျှ(၃)နာရီ သင်ကြားပေးသွားမည်ဖြစ်သည်။

ကျွန်းစုမြို့နယ်၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် (၁၅) ဝိုင်းတွင် စာသင်သား(၂၁၁) ဦးအား “ဝထကလသ” မှစတင်ကာ အခြေခံ မြန်မာစာသင်ခန်းစာများကို နည်းပြ(၁၅)ဦးနှင့် ကြီးကြပ် (၄)ဦးတို့မှ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)