ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာမြို့မစျေးကြီး လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အထူးကြပ်မတ်လိုက်လံကြည့်ရှုစစ်ဆေး

စလင်း ဧပြီ ၁၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မစည်ပင်သာယာစျေး မီးလောင်ပျက်စီးဆုံးရှုံးမှုမရှိစေရေး လုံခြုံမှုရှိစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အထူးကြပ်မတ်လိုက်လံကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ တာဝန်ရှိသူများက ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာစျေးအတွင်း  ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ကြီးကြပ်၍ ဆင်ဖြူကျွန်းမြို့ လျှပ်စစ်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ  ဝန်ထမ်းများက  ဆင်ဖြူကျွန်းမြို့မစည်ပင်သာယာစျေးအတွင်း ပွင့်လင်းရာသီကာလ၌  စျေးဆိုင်ခန်းများတွင် မီးသတ်ဆေးဗူးများ စနစ်တကျထားရှိခြင်း ရှိ/ မရှိ မီးသတ်ဆေးဗူးများ ကောင်းမွန်ခြင်းရှိ/မရှိနှင့် မြို့မစျေးအတွင်း၌ မီးငြှိမ်းသတ်ရေးအတွက် ဆောင်ရွက်ထားရှိသော ရေလှောင်ကန်များ အမြင့်တင်ရေစင်များ မီးချိတ်မီးခတ်များနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် ဒိုင်းရှင်းစက်များအား စမ်းသပ်မောင်းနှင်သရုပ်ပြခြင်းများနှင့် စည်ပင်သာယာစျေးအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရန် ဆောင်ရွက်ထားရှိမှုများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

(မောင်လွင်)စလင်း