မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ဟောပြောပွဲနှင့် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများ ကျင်းပ

မြောင်းမြ ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျောင်းသား/ကျောင်းသူ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေချစ်မြတ်နိုးလာစေရန်၊  စာဖတ်ရှိန်မြင့်မားစေရေးနှင့် အသိပညာဗဟုသုတ ပြည့်စုံစေရေးအတွက် ဟောပြောပွဲနှင့် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများကို ယနေ့ နံနက် (၉:၀၀) အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က ဟောပြောပွဲနှင့် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အားကစားမှူး ဦးစိုင်းဝေလင်းနောင်က "လူငယ်နှင့် အားကစား" ခေါင်းစဉ်ဖြင့် အားကစားနှင့်ပတ်သတ်၍ အသိပညာပေး ဟောပြောခဲ့ပြီးနောက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ မြောင်းမြမြို့မှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသာ၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား/သူ လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေပြီး စာပေဗဟုသုတများ တိုးပွားလာစေရန်၊ ဉာဏ်ရည်/ဉာဏ်သွေးတိုးတက်ပြီး သွက်လက်ထက်မြက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲ၊   ပြိုင်ပွဲ၊ ပြပွဲ၊ စာဖတ်ဝိုင်းများနှင့် သင်တန်းများ  ပြုလုပ်‌ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)