တနင်္သာရီမြို့နယ် Community Centre အတွင်း နွေရာသီပန်းချီအခြေခံ(မွမ်းမံ)သင်တန်း ဖွင့်လှစ်

တနင်္သာရီ ဧပြီ ၁၀

ရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသူ/သားများ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးပြီး ဗဟုသုတတိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ ပန်းချီပညာကိုအခြေခံပြီး ဖြတ်ထိုးဉာဏ် ရင့်သန်လာစေရန်၊ လူငယ်များအချင်းချင်း အပြန်အလှန်ပေါင်းသင်းဆက်ဆံတတ်စေရန်၊ အစုအဖွဲ့များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီပန်းချီအခြေခံ(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ပန်းချီနည်းပြဆရာနှင့်(ပထမ)အကြိမ် ပန်းချီအခြေခံသင်တန်းတွင် တက်ရောက်ပြီးသည့် သင်တန်းသူ/သားဟောင်းများ(၂၀) ဦးတို့ တက်ရောက်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက အဖွင့်အမှာစကားနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်အောင်က အမှာစကားပြောကြားပေးကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးထိန်ဝင်းက ပန်းချီ (မွမ်းမံ)သင်တန်း ထပ်မံဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးပြီး ပန်းချီဆရာ ကိုဟိန်းသာသာက သင်ကြားပေးမည့် အကြောင်းအရာများနှင့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားပေးကာ ဖွင့်ပွဲအခမ်းအနားကို ပြီးမြောက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပန်းချီအခြေခံ(မွမ်းမံ)သင်တန်းတွင် သင်တန်းသူ/သား(၂၀)ဦးတက်ရောက်ကြပြီး သင်တန်းဆရာဟိန်းသာသာက လူနှင့်တိရိစ္ဆာန်ပုံများ၊ သဘာဝရှုခင်းပုံရေးဆွဲနည်းများကို စာတွေ့/လက်တွေ့သင်ကြားပေးမည်ဖြစ်ကာ သင်တန်းကာလမှာ ဧပြီလ(၁၀ရက်မှ၁၂)ရက်နေ့အထိ (၃)ရက်ဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)