အင်ပင်မြို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရေဂါလံ (၁၀၀၀) ဆံ့ မီးသတ် ရေသယ်ယာဥ် စွမ်းရည်ပြသပွဲနှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ

မြန်အောင် ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အင်ပင်မြို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရေဂါလံ (၁၀၀၀) ဆံ့ မီးသတ်ရေသယ်ယာဥ် စွမ်းရည် ပြသပွဲနှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယမန်နေ့နံနက်က အင်ပင်မြို့အုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမနှင့် Royal ဆီဆိုင်တို့တွင်ကျင်းပခဲ့သည်။

ဦးစွာ အင်ပင်မြို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရေဂါလံ (၁၀၀၀) ဆံ့ မီးသတ်ရေသယ်ယာဥ်ပြုပြင်မွမ်းမံရာတွင် ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို အင်ပင်မြို့ အုပ်ချုပ်ရေးမှူးရုံး၌ကျင်းပပြုလုပ်ရာ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းမင်းစိုးက အဖွင့်အမှာစကားပြောကြားပြီး အင်ပင်မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်က ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ အင်ပင်မြို့ မီးဘေးကြိုတင်ကာကွယ် ရေးကော်မတီ အဖွဲ့ဝင် မြို့မိမြို့ဖ ဦးအောင်မြို့က ရေဂါလံ (၁၀၀၀)ဆံ့ မီးသတ်ရေသယ်ယာဥ် ပြုပြင်မွမ်းမံဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်လွှာများ ပေးအပ်ခဲ့ကြသည်။

 ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊မြို့နယ်မီးသတ်ဦးစီးမှူးနှင့်အင်ပင်နယ်မြေမီးသတ်စခန်းတာဝန်ခံနှင့်မီးသတ်တပ်ဖွဲ့ဝင်များက အင်ပင်မြို့ Royal ဆီဆိုင်တွင်တပ်ဆင်အသုံးပြုထားသော အရေးပေါ်မီးသတ်စက်များ၏ စက်စွမ်းရည်သရုပ်ပြသခြင်းအား ကြည့်ရှူစစ်ဆေး၍ ရေဂါလံ (၁၀၀၀) ဆံ့ မီးသတ်ရေသယ်ယာဥ်မှ ဂါလံ (၄၀၀) ဆံ့ မီးငြိမ်းသတ်ယာဥ်သို့ ရေပေးဝေမှုနှင့် ရေဂါလံ (၁၀၀၀) ဆံ့ မီးသတ်ရေသယ်ယာဥ်၊ ရေဂါလံ (၄၀၀) ဆံ့ မီးငြိမ်းသတ်ယာဥ်တို့ဖြင့် မီးငြိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး မီးသတ်ဆေးဗူးအသုံးပြုပုံများကို ရှင်းလင်းပြသခဲ့ကြသည်။

မြန်အောင်မြို့နယ်မီးသတ်ဦးစီးဌာနက အင်ပင်မြို့နှင့်အနီးပတ်ဝန်းကျင်ကျေးရွာများ မီးဘေးကြိုတင်ကာကွယ်ရေးတွင် အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်အသုံးပြုနိုင်သည့် ရေဂါလံ (၁၀၀၀) ဆံ့ မီးသတ်ရေသယ်ယာဥ်ကို အင်ပင်မြို့ အရန်မီးသတ်တပ်ဖွဲ့သို့ ပေးအပ်ခဲ့ရာ အင်ပင်မြို့မီးဘေးကြိုတင်ကာကွယ်ရေးကော်မတီမှ ဦးဆောင်၍ အလှူရှင်များစုပေါင်းလှူဒါန်းငွေကျပ်သိန်း (၉၀) ကျော်ဖြင့် အသင့်အသုံးပြုနိုင်သော ရေဂါလံ (၁၀၀၀) ဆံ့ မီးသတ်ရေသယ်ယာဥ်အဖြစ် ပြုပြင်မွမ်းမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)