တောင်ငူ နိုဝင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယမန်နေ့က ဆိတ်ဖူးတောင်ကျေးရွာ အုပ်စု၊ ကမ်းနီကျေးရွာအုပ်စုအတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ အခက်အခဲမရှိ အဆင်ပြေချောမွေ့အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တောင်ငူမြို့နယ်အတွင်း မဲရုံ(၁၉၃) ရုံ၌ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများနှင့်ဆန္ဒမဲပေးသူများ အဆင်ပြေစေရေး ညွှန်ကြားချက် များနှင့်အညီ ပြင်ဆင်ထားရှိမှုအခြေအနေ၊ မဲရုံများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားမှု ရှိ/မရှိ၊ မဲရုံပြင်ဆင် ရာတွင် အထောက်အကူပြုပစ္စည်းများလုံလောက်မှု ရှိ/မရှိ အခြေအနေများအားတောင်ငူရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့်ဝန်ထမ်း များနှင့်တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
တောင်ငူမြို့တွင် မဲပေးပိုင်ခွင့်ရှိသည့်ရပ်ကွက်နှင့်ကျေးရွာ အုပ်စု(၆၄)အုပ်စုရှိပြီး မဲရုံပေါင်း (၁၉၃)ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၉၉၉၀၂)ဦးရှိကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
ဇော်ထက် (တောင်ငူ)