ပိုင်ကျုံ ဧပြီ ၉
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်ကြိုတင်ကာကွယ်ရေးဆိုင်ရာအကြောင်း သိကောင်းစရာများကို ကျောင်းသားလူငယ်များ အသိပညာဗဟုသုတပိုမိုရရှိစေရန်အတွက် ယနေ့နံနက်ပိုင်းက နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက လူငယ်များသိသင့်သိထိုက်သည့် ကမ္ဘာကြီးပူနွေးလာရခြင်း၏အကြောင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ၊ အပူဒဏ်ကြိုတင်ကာကွယ်ရေးနိုင်ရေးအတွက် လုပ်ဆောင်သင့်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောပြီး ပြသထားသည့် အပူဒဏ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်သောအသိပညာပေးစာစောင်များအား ကျောင်းသားလူငယ်များတို့မှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များနှင့်ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ စာအုပ်စာစောင်ပြပွဲများ၊ ပြိုင်ပွဲများနှင့် အသိပညာပေး(Talk Show) ဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)