အုတ်တွင်းမြို့နယ်၌ ဓမ္မာစရိယဂုဏ်ပြုပူဇော်ပွဲနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

အုတ်တွင်း ဧပြီ ၉

၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ဗောဓိကုန်းဘုန်းတော်ကြီးကျောင်းတိုက် ဝိဇ္ဇာသမိဒ္ဓိမဟာရွှေကံသာကျောင်းတော်၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဝိသာရဒထံမှ ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များ၊ အုတ်တွင်းတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်မြင့်ဦးနှင့် တပ်ရင်း/ တပ်ဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်ဇော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးမြင့်ဇော်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ထို့နောက် အုတ်တွင်းတပ်နယ်တပ်နယ်မှူးနှင့် တပ်ရင်း/ တပ်ဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်ကြီးများအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး စာအောင်သံဃာတော်အရှင်သူမြတ်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဩဘာသ (ပစ္ဆိမာရုံစာသင်တိုက်၊ ညောင်ခြေထောက်) ထံမှ ရေစက်ချအနုမောဒနာတရားနာကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားပြီးနောက် အုတ်တွင်းတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်မြင့်ဦးနှင့် တပ်ရင်း/ တပ်ဖွဲ့များမှ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်၊ အဖွဲ့ဝင်ဆရာတော်များ၊ ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာ (၆၅) ပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

အုတ်တွင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာဓမ္မာစရိယ (၁၂) ပါး၊ ပထမကြီးတန်း (၆) ပါး၊ ပထမလတ်တန်း (၂) ပါး၊ ပထမငယ်တန်း (၁၁) ပါး၊ အခြေပြုမူလတန်း (၃၃) ပါး စုစုပေါင်း ဆရာတော်၊ သံဃာတော် (၆၄) ပါးအောင်မြင်ခဲ့ကြောင်း သိရသည်။

အေမင်းရည်စော (ပြန်/ဆက်)