အုတ်တွင်းမြို့နယ်အတွင်းမဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက်မဲရုံများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

အုတ်တွင်း    နိုဝင်ဘာ   ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ နိုင်ရေးအတွက်မဲရုံများပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများ ကိုမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

ထိုသို့မဲရုံများအား စစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲ အဖွဲ့ခွဲအဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းအေးနှင့် တာဝန်ရှိသူများက မဲရုံတာဝန်ထမ်းဆောင်မည့် မဲရုံဝန်ထမ်းများနှင့်တာဝန်ရှိသူများအား မဲရုံများတွင် ဆန္ဒမဲပေးမည့် ပြည်သူများ လွတ်လပ်စွာလျို့ဝှက် ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရန်၊ မဲရုံအတွင်း အငြင်းပွားဖွယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အမြန်ဆုံး အကြောင်းကြားရန် နှင့်မဲရုံများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ဆောင်ရွက်ထားရှိရန် ပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ဦးမြင့်စိုးက မဲရုံမှူးများနှင့်မဲရုံဝန်ထမ်း များအား ကြိုတင်မဲများ ကောက်ယူနေသောကာလနှင့် အထွေထွေရွေးကောက်ပွဲကြီးကျင်းပသောနေ့တို့တွင် ရွေးကောက်ပွဲ စည်းမျဥ်းစည်းကမ်း၊ ဥပဒေများ အတိုင်းတိကျစွာ လိုက်နာပြီး ပြတ်သားစွာလုပ်ကိုင်ကြရန် နှင့်မဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသောတာဝန်ကျ ဝန်ထမ်းများက မဲရုံလုံခြုံရေးနှင့် မဲဆန္ဒရှင်ပြည်သူများ၏ လုံခြုံရေးတို့ကိုအထူးဂရုစိုက် ဆောင်ရွက်သွားကြရန်ပြောကြားသည်။

အုတ်တွင်းမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု(၅၁)အုပ်စုတွင် မဲရုံပေါင်း (၁၅၃)ရုံ၌ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေ (၁၃၀၄၇၆)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ခင်မာ(ပြန်/ဆက်)