တမူးမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနတွင်​ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းပွဲ ပြုလုပ်

တမူး ဧပြီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းပွဲကို ဧပြီလ (၉) ရက်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှင်းလင်းပွဲတွင် တမူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူတို့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်ပက်သက်၍ မိမိတို့ဝန်ထမ်းများနှင့်အုပ်ချုပ်​ရေးမှူးများသိရှိရန် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်၊ ၂၀၁၀ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဥပဒေပြဋ္ဌာန်းခြင်းနှင့် အာဏာတည်ခြင်း၊ ဥပဒေအာဏာတည်ပြီး လက်ရှိဆောင်ရွက်နေမှု၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဖွဲ့စည်းခြင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသူများ၊ ယာယီရွှေ့ဆိုင်းခွင့်ရသူများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် ကာလများစသည့် ပြည်သူ့စစ်မှုထမ်းဥပဒေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာ​ကြသည့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က ပြန်လည်ရှင်းလင်း ဖြေကြား​ပေးခဲ့သည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုစာရေးများ၊ ဝန်ထမ်းမိသားစုများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၁၃၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ရတနာ

တမူးခရိုင် (ပြန်/ဆက်)