ဟိုင်းကြီးကျွန်း ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့တွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်စေရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ယနေ့နံနက် (၀၉း၀၀) နာရီအချိန်က ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၃) ခုနှင့် ကျေးရွာအုပ်စု (၂၂) စု၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြ (ဆင့်ပွား) သင်တန်းတက်ရောက်ထားသူ ဆရာ/ဆရာမများမှ အနီးကပ်ကြီးကြပ်၍ သင်ကြားပြသပေးလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများ၊ ကျောင်းမနေခဲ့ရသူများနှင့်လူဦးရေနှင့် သန်းခေါင်စာရင်းအရ စာမတတ်သူ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရန်၊စာမတတ်သူပပျောက်အောင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို (၈.၄.၂၀၂၄) ရက်နေ့မှ (၁၆.၅.၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး တက်ရောက်လာသူများ သင်ကြားသင်ယူမှုအဆင်ပြေစေရေး ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များမှလည်း ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်မျိုးအောင်
ဟိုင်းကြီးကျွန်း (ပြန်/ဆက်)