ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပုသိမ် ဧပြီ ၉

ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းကျင်းပသည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ နည်းပြဆရာဆရာမများ၊ စာသင်သားများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများက လူတိုင်းအတွက် ပညာရေးကိုယ်စားပြု “ဝထကလသ” တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုဖွင့်လှစ်ခဲ့ပြီးနောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေး သင်ကြားပေးမည့် ဆရာ၊ ဆရာမများကို မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယနေ့တွင် တိုင်းဒေသကြီး၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအား စတင်ခဲ့ပြီဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်ကမူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများ၊ ကျောင်းမနေခဲ့ရသူများအား လူဦးရေနှင့် သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့်အထက် စာမတတ်သူလူငယ်နှင့်သက်ကြီး ဦးရေများကို လျော့ချနိုင်စေရန်၊ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်စေရန် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ယနေ့မှစ၍ မေလ (၁၉) ရက်နေ့အထိ စာသင်ဝိုင်း (၁၇၇၁) ဝိုင်းတွင် စာသင်သား (၂၅၀၁၆) ဦးအား ဆင့်ပွားသင်တန်း တက်ရောက်ခဲ့ကြသော အခြေခံပညာ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်နှင့် ပညာရေးဒီဂရီ ကောလိပ်ရှိဆရာ၊ ဆရာမများ၊ စေတနာရှင်လုပ်အားပေးများက ရက်ပေါင်း (၄၀) ကြာ တစ်နေ့လျှင် (၃)နာရီနှုန်းဖြင့် နာရီပေါင်း (၁၂၀) သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း၊ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းအတွက် သက်ဆိုင်ရာ စာဖတ်ဝိုင်းအသီးသီးတွင် သင်ကြားပြသပေးမည့် တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် စေတနာရှင်လုပ်အားပေးသူများအား ကျေးဇူးအထူးပင်တင်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် တက်ညီလက်ညီ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း” တိုက်တွန်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်က စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပပညာရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဧရာဝတီတိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု မှတ်တမ်းဗီဒီယိုပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုထောက်ပံ့ငွေများကိုပေးအပ်ရာ သင်တန်း နည်းပြကိုယ်စားလှယ်သုံးဦးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ စာတတ်မြောက်ရေးဝိုင်းကူပေး” တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ၊ စာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးမည့် စေတနာလုပ်အားပေး ဆရာ၊ ဆရာမများ၊ ကြီးကြပ်များ၊ စာသင်သားကိုယ်စားလှယ်များနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်၊ အမှတ် (၂၅) အခြေခံပညာမူလတန်း (လွန်) ကျောင်း (ပန်းဆက်) စာသင်ဝိုင်းသို့ သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် အရေး၊ အဖတ်နှင့် အတွက်အချက်များကို ဆရာ၊ ဆရာမများက တိုင်းရင်းသား ပြည်သူများအား သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးသည် အမှတ် (၅) အခြေခံပညာမူတန်းကျောင်း (ရွှေဝတ်မှုံ) စာသင်ဝိုင်းသို့လည်းကောင်း၊ ပုသိမ်ပညာရေး ဒီဂရီကောလိပ်၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း စာသင်ဝိုင်းသို့လည်းကောင်းသွားရောက် ကြည့်ရှုအားပေးခဲ့ပြီး လက်ဆောင်ပစ္စည်းများနှင့်၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)