ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဧပြီ ၉

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်(၈)ခရိုင်မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောက်ရွက်နိုင်ရေးအတွက် တာဝန်ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စီးပွားရေး (GDP) အခြေအနေကို လေ့လာကြည့်ပါက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ၂.၄ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားရာ ၂.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် ၁.၂ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားရာ ခန့်မှန်းခြေစာရင်းများအရ ၂.၆ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းရပါကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ယခင်နှစ်၏ အားနည်းချက်များအား သုံးသပ်ပြီး ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသလိုအပ်ချက်များနှင့် ဒေသခံပြည်သူများ၏ တင်ပြချက်များအား အလေးထား၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးသီးနှံများ သီးနှံစုံပန်းတိုင် အထွက်နှုန်းရောက်စေရေးနှင့် စိုက်ပျိုးရေးစံပြ တိုင်းဒေသကြီးဖြစ်စေရေး ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် နေကြာ၊ မြေပဲ၊ နှမ်း အစရှိသည့် ဆီထွက်သီးနှံများကိုလည်း ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စိုက်ဧကပြည့်မီရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရိုးပြတ်ကျန်ဧကများ လျော့နည်းစေရေး၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များကိုလည်း အကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ပျိုး၊ မွေးမြူရေး ထွက်ကုန် အခြေခံကုန်ထုတ်လုပ်ငန်းများ တိုးတက်လာရန် ကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ ဒေသန္တရစီမံကိန်းပါ ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ယူထားသည့် ကဏ္ဍများအလိုက် စနစ်တကျကြပ်မတ်၍ အလေးထားဆောင်ရွက်ရန်လိုပါကြောင်း” အမှာစကားများပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအား တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းတာဝန်များအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအား သက်ဆိုင်ရာခရိုင်များ၏ ဒေသန္တရစီမံကိန်းတာဝန်များအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)