ခန္တီး ဧပြီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အ.ထ.က(ခန္တီး) ကျန်စစ်သားခန်းမ၌ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းဆရာ/မများ၊ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းတက်ရောက်မည့် သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်စိုးမိုးက အဖွင့်အမှာစကား ပြောကြားရာ ငယ်စဉ်ကမူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများ၊ ကျောင်းလုံးဝမနေခဲ့ရသူများအား အသက်(၁၅)နှစ်နှင့်အထက် လူငယ်နှင့် သက်ကြီး ပိုင်းအရွယ် စာမတတ်သူများ အရေး၊ အဖတ် တတ်မြောက်လာစေရန်၊ စာသင်သား တစ်ဦးချင်း၏ လူမှုဘဝမြင့်မားရေးအတွက် အသိပညာများဖြန့်ဝေပေးရန် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းစဉ်၏ စာသင်ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း၊ စစ်ကိုင်း တိုင်းအနေဖြင့် စာသင်ဝိုင်း ၆၄၇ ဝိုင်းဖြင့် စာသင်သား ၉၇၀၀ ဦးကို သင်ကြားပေးရန် လျာထားကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခန္တီးခရိုင်ပညာရေးမှူး ဒေါ်လှလှမြင့်က လူတိုင်းအတွက် ထိရောက်သော သင်ကြားမှု လိုအပ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ သင်တန်းမှာ ခန္တီးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအား (၆-၄-၂၀၂၄)ရက်နေ့မှစတင် ဆောင်ရွက်နေပြီး ဆင်သေကျေးရွာ (အ.ထ.က)တွင် စာသင်သား(၃၀)ဦး၊ ဇီးဖြူကုန်း (အ.လ.က)တွင် စာသင်သား(၁၂၁)ဦး စုစုပေါင်း(၁၅၁)ဦး စာသင်ဝိုင်း(၂)ဝိုင်းဖြင့် (၁)ရက်တွင် စာသင်ချိန် (၃)နာရီနှူန်းဖြင့် ရက်ပေါင်း(၄၀) နာရီပေါင်း (၁၂၀)သင်ကြား သွားမည်ဖြစ်ကာ သင်တန်းကာလအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန စသည့်ဌာနဆိုင်ရာများမှ မိမိတို့ဌာန၏ အသိပညာပေးလုပ်ငန်းများကို သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)