ကြံခင်း နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ သမဝါယမ အသင်းသားများ စိုက်ပျိုးထားသောစပါးများကို ယမန်နေ့ နံနက်ပိုင်းမှစပြီး ကြံခင်းမြို့ ရွှေပြည်ဝင်း ဆန်စက်ဝန်းအတွင်း သမဝါယမစပါးအဝယ်ဒိုင်တွင် ဝယ်ယူလျက်ရှိကြောင်းသိရသည်။
အဆိုပါ သမဝါယမအသင်းစုလီမိတက်သည် ကိုဗစ်-၁၉ ကာလတွင် အသင်းသားများထံမှ ဝယ်ယူရခြင်းမှာ စပါးဈေးနှုန်း မှန်ကန်စွာ ရရှိစေရန်အတွက်ဖြစ်ပြီး ကာလပေါက်ဈေးအတိုင်း ချိန်တွယ်ဝယ်ယူပေး သွားမည်ဖြစ်ကြောင်း၊ ချိန်တွယ်ဝယ်ယူရာတွင် အလေးချိန်ပြည့်စေရေး၊ နစ်နာမှုမရှိစေရန် စနစ်တကျ ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသိန်းဝင်းထံမှ သိရသည်။
ထိုသို့ ဝယ်ယူရာတွင် ကြံခင်းမြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နုနုဝင်းနှင့် ဦးမြင့်သန်း၊ ကြံခင်းမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် အမှုဆောင်အဖွဲ့များက သမဝါယမ အသင်းသားများ စိုက်ပျိုးရောင်းချသော စပါးများအားဝယ်ယူခဲ့ကြကြောင်းနှင့် စပါးတင်း တစ်ရာလျှင် (၆)သိန်းကျပ်နှုန်းဖြင့် ကာလပေါက်ဈေးအတိုင်း ဝယ်ယူသွားမည် ဖြစ်ကြောင်းသိရသည်။
မိုးမိုး(ပြန်/ဆက်)