ကျိုက်လတ်မြို့၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲအောင် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ကျိုက်လတ်  ဧပြီ  ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်း၊ တိလောကမာရဇိန်ဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန်တွင် ယနေ့ နံနက်(၇) နာရီခန့်က ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမ ပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်သော စာအောင်သံဃာတော်များနှင့် သီလရှင်တို့အား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး စိတ္တသုခကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များက မြို့နယ်သံဃနာယက ဆရာတော်များနှင့်စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျိုက်လတ်မြို့နယ်စာဖြေဌာနတွင် ထူးချွန်စွာ အောင်မြင်တော်မူခဲ့ကြသော စာအောင်သံဃာတော်ပထမလတ်တန်း(၂)ပါး၊ ပထမငယ်တန်း (၁၁)ပါး၊  အခြေပြု မူလတန်း(၂၀)ပါးတို့အား စာအောင်လက်မှတ်နှင့်ဂုဏ်ပြုဆုငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ဆရာတော်ကြီးများ၊ စာအောင် သာမဏေများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဂေါပကအဖွဲ့များ၊ မြို့မိ/ မြို့ဖများ၊ အသင်းအဖွဲ့များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်