မော်လိုက် ဧပြီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ၂၀၁၀ ပြည့်နှစ်၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ဗိုလ်မှူး ရဲနောင်ဌေးက ၂၀၁၀ ပြည့်နှစ် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ရဲမှူး ခင်မောင်ကျာ်က ၂၀၁၀ ပြည့်နှစ်ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ဆက်လက်ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)