ဗန်းမောက်မြို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကသာ ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ ဖွင့်ပွဲအခမ်းအနားကို မြို့မအခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက်(၁၀) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမွန်အောင်က အမှာစကား ပြောကြား ရာ၌ မြို့နယ်အတွင်းတွင် နေထိုင်ကြသည့် အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာ ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများ၊ ကျောင်းမနေခဲ့ကြရသူများ၊ လူဦးရေနှင့် သန်းခေါင်စာရင်းအရ စာမတတ်သူပပျောက်ရေး စာရင်းပါရှိသည့် ကျေးလက်ဒေသနေပြည်သူများ၊ တိုင်းရင်းသား ပြည်သူများ၊ မြို့နယ်အတွင်း အစွန်အဖျားကျေးရွာများ၌ နေထိုင်ကြသည့် ပြည်သူများအားလုံး စာတတ် မြောက်ရေး၊ နိုင်ငံသားများ၏ လူမှုဘဝမြှင့်တင်ရေး၊ အခြေခံစာတတ်မြောက်ရေးစေရန်နှင့် တာဝန်သိ နိုင်ငံသားကောင်းဆိုင်ရာ အခြေခံအသိပညာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အခြေခံစာတတ် မြောက်ရေး စာသင်ဝိုင်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမွန်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး နည်းပြဆရာ(၅)ဦး၊ ကြီးကြပ်(၅)ဦးတို့က စာသင်သား (၁၀)ဦးတို့အား စာသင်ဝိုင်း (၂)ဝိုင်းဖြင့် နာရီပေါင်း (၁၂၀)ကြား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း  သိရသည်။

မေသူ(ဗန်းမောက်)