စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

မုံရွာ ဧပြီ ၉

ပညာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ကျေးလက်ဒေသနေ ပြည်သူများနှင့် အစွန်အဖျားဒေသများရှိ ပြည်သူများအားလုံး စာတတ်မြောက်ရေးနှင့် ယနေ့ ခေတ်သည်ပညာခေတ်နှင့်အညီ ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာ ရည်မြင့်မားရေးအား ဦးစားပေးအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ/ဆရာမများအနေ ဖြင့်လည်း ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာ တက်မြောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရည်ရွယ်ချက်အတိုင်း အောင်မြင်စေရေး တာဝန်ရှိသူအားလုံးမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စာသင်ဝိုင်းများ ဖွင့်လှစ်ပြီးဖြစ်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း စာသင်သား၊ သင်ကြားသူနည်းပြ ကြီးကြပ်များ ပျက်ကွက်မှုမရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးတို့အား  မြေပြင်ကွင်းဆင်းပြီး ကူညီဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း စာသင်ဝိုင်း များသို့ အခါအားလျော်စွာ သွားရောက်ကြည့် ရှုအားပေးပြီး လိုအပ်ချက်များအား ပေါင်းစပ် ဆောင်ရွက်ပေးခြင်းဖြင့် လုပ်ငန်းများအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း၊ စာတတ်မြောက်ခြင်းသည် လူတစ်ဦးတစ်ယောက်၏ ဘဝလူနေထိုင်မှု အဆင့် အတန်း သာမက မိသားစုရပ်ကွက်နှင့် လူ့အဖွဲ့အစည်းကိုပါ ပြောင်းလဲစေနိုင်သကဲ့သို့ ပညာ တတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်သာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ၏ စာတတ်မြောက်ရေးလုပ်ငန်းများ၊ သင်ကြားရေးအစီအစဉ်များ အဆင်ပြေချောမွေ့စွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ စေတနာထားဆောင်ရွက်သွားကြရန်နှင့် မိမိတို့လုပ်ဆောင်မှုများကြောင့် စာမတတ်သူ တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့ စာတတ်သွားမည်ဆိုပါက ပညာဒါနအနေဖြင့် တန်းဖိုးကြီးမား၍ ကုသိုလ်စိတ်မွေးကာ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် မုံရွာမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “၀ ထ က လ သ” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြပြီး အာရှနှင့် ပစိဖိတ်ဒေသယဉ်ကျေးမှုဆိုင်ရာ ယူနက်စကိုအဖွဲ့ရုံး၏ ပူးပေါင်းမှုဖြင့် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့မှ ဘာသာပြန်ဆိုထုတ်လုပ်ထားသည့် Video Click အား ကြည့်ရှုကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက် လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် အခြေခံစာတက်မြောက်ရေး သင်တန်းဖွင့်လှစ်မှု အနေဖြင့် နည်းပြ ၇၂၅ ဦး၊ ကြီးကြပ် ၁၅၅ ဦး၊ စာသင်ဝိုင်း ၅၂၄ ဝိုင်း၊ စာသင်သား ကျား ၃၅၈၂ ဦးနှင့် မ ၄၉၂၈ ဦး စုစုပေါင်း ၈၅၁၀ ဦးဖြင့် ဖွင့်လှစ်သင်ကြားဆောင်ရွက်သွားမည်ဖြစ်သည်။ အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါနံနက်ပိုင်းတွင် ရွှေဘိုခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအား ကျေပွန်စွာထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး အသိ၊ သတိတို့ဖြင့် သွားလာနေထိုင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ခရိုင်အတွင်းရှိ မြို့နယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSMEs လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် လာကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား အသီးသီး ဆွေးနွေးတင်ပြ ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများထံ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ပြီး နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)