ဇီးကုန်းမြို့နယ်၌ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ဇီးကုန်း ဧပြီ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂ဝ၂၃-၂ဝ၂၄)ဘဏ္ဍာရေးနှစ်၊ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)  ဦးကံမြင့်က အဖွင့်အမှာစကား ပြောကြား၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည့်ဖြိုးအောင်က စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (Exit Strategy) ကျေးရွာများအား မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့မှ စိစစ်ရွေးချယ်သတ်မှတ်၍ မြစိမ်းရောင်စီမံကိန်းကျေးရွာများမှ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်သည့် အားသာချက်၊ အားနည်းချက်နှင့် အကြံပြုချက်များအား ဆွေးနွေးတင်ပြကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည့်ဖြိုးအောင်က အကြံပြုချက်များအား ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက်  မြို့နယ်အဆင့်ဆုရရှိသည့် ကျေးရွာများအား ဆုချီးမြှင့်ရာ ပထမ ဖောင်တင်ကျေးရွာ၊ ဒုတိယ ချောင်းသာယာကျေးရွာနှင့် တတိယ ဘုဒလက်ကုန်းကျေးရွာများအား လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ (၆၃) ရွာတွင် ယူနစ် (၅၂) ယူနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး၊ ရရှိသောအကျိုးအမြတ်မှ မိမိကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏  ကြီးကြပ်မှုဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)