မင်းကင်း ဧပြီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေ ၁ နာရီချိန်တွင် မင်းကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်းရာဇာခန်းမ၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်း ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကိုပြီးဆုံးအောင် မသင်ကြားနိုင်သည့် ပြည်သူများ၏လူမှုဘဝမြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ် ကြောင်းတို့ကို ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးရုံးမှ ခေတ္တတာဝန်ခံ ပညာရေးမှူး ဦးသိန်းငွေက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက သင်တန်းသား၊ သင်တန်းသူများအား စာသင်ဝိုင်းတွင် လိုအပ်မည့် သင်ထောက်ကူပစ္စည်းများအား နည်းပြဆရာ၊ ဆရာမများထံသို့ ပေးအပ်၍ သင်ကြားပြသမှုကို အားပေးကြည့်ရှုခဲ့ရာ သင်တန်းသား၊ သင်တန်းသူများအား ဗလာစာအုပ်နှင့် ဘောပင်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါသင်တန်းသို့ မူလတန်းပညာမသင်ကြားခဲ့ရသူများအား စာသင်ဝိုင်း (၁၃) ခု၌ နည်းပြ ဆရာ၊ ဆရာမများက ဧပြီ ၈ ရက်နေ့မှ မေ ၁၅ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)