လိပ်သိုမြို့ (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

လိပ်သို ဧပြီ ၉      

လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာပေဖတ်ရှုသည့်အလေ့အကျင့်များ ဖြစ်ပေါ်စေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသော “အနာဂတ်ကို မျှော်တွေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာဖတ်ခြင်းသည် အကန့်အသတ်မရှိသော အကျိုးကျေးဇူးများစွာကို ရရှိစေသည့်အတွက် စာပေများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသည့် “အနာဂတ်ကို မျှော်တွေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် မဖြူဖြူငြိမ်းက “စံပြလူသားဖြစ်ဖို့လိုပြီ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စောပက်ထရစ်ချစ်ဉီးက “ကျေးဇူးတင်တတ်ဖို့လိုပါတယ်”ခေါင်းစဉ်မှ “လူသားတိုင်း ဘဝလမ်းခရီးကို လျှောက်လှမ်းရာတွင် တစ်ယောက်တည်း ရပ်တည်ရှင်သန်၍ မရကြောင်း၊ ဘဝခရီးကို လျှောက်လှမ်းရာတွင် ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ သူ့ကိစ္စ၊ ကိုယ့်ကိစ္စတွေကို အပြန်အလှန်ဆက်ဆံရကြောင်း၊ မပြီးဆုံးသေးတဲ့ ခရီးလမ်းတွေကို လျှောက်လှမ်းနေတဲ့ ကျွန်တော်တို့ လူသားတွေဟာ တစ်ဦးနဲ့တစ်ဉီး ကျေးဇူးမကင်းနိုင်ကြောင်း” စသည့် အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းတက်ရောက်လာသူ Book Club အဖွဲ့ဝင်များက ဖတ်ကြားဆွေးနွေးခဲ့သော ခေါင်းစဉ်များအပေါ် မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်းအပြန်အလှန်မျှဝေဖလှယ်ခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)