သာပေါင်း ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်းဓမ္မဗိမ္မာန် ကျောင်းတိုက်၊ ဓမ္မဝိဇယဓမ္မာရုံ၌ အစိုးရပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဧပြီလ ၇ ရက်နေ့၊ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြသည်။
အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယက အတွင်းရေးမှူး၊ မြို့နယ်စာမေးပွဲကြီးကြပ်ရေးဥက္ကဋ္ဌ ဆရာတော်ဦးသံဝရ (ရွှေညောင်ပင် ကျေးရွာ၊ ဆင်ဖြူ ရတနာကျောင်းတိုက်) ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ပရိတ်တရားတော်များနာကြားကာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်တော်မူကြသော စာအောင်သံဃာ ပထမကြီးတန်း(၁)ပါး၊ ပထမလတ်တန်း(၂)ပါး၊ ပထမငယ်တန်း(၆)ပါး၊ မူလတန်းအခြေပြုတန်း (၅)ပါး ပေါင်း(၁၄)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဒါယကာ၊ ဒါယိကာမအပေါင်းတို့က စာအောင်လက်မှတ်နှင့် နဝကမ္မဝတ္တုငွေများ ဆက်ကပ်လှူဒါန်းကာ အနုမောဒနာတရားနာယူပြီး ကောင်းမှုအစုစုတို့အား ရေစက်သွန်ချ အမျှပေးဝေ၍ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု” (၃)ကြိမ် သံပြိုင်ရွတ်ဆို၍ အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်