ကံမ ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့ နံနက်(၉)နာရီက ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှင်အပါး (၅၀၀၀)ရှင်ပြုပွဲမှ ပြန်လည်ရောက်ရှိလာသည့် ရှင်သာမဏေ အပါး (၁၅၀)တို့သည် အမှတ်(၂)ရပ်ကွက်၊ ရွှေစည်းခုံစေတီတော်မှ ယာယီသီတင်းသုံးရာနေရာ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ကံမ)သို့ ဒုတိယနေ့အဖြစ် ဆွမ်းအလှူခံ ကြွရောက်တော်မူကြရာ ဆွမ်းခံကြွရာ လမ်းတစ်လျှောက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်းနှင့် ချိုချဉ်ရသာအဖြာဖြာတို့ကို ဆပ်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆွမ်းအလှူခံကြွရောက်တော်မူကြသော ရှင်အပါး(၁၅၀)တို့သည် တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တပညာဇောတ ဦးစီးပဓာနပြု၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တပည့်သာဝကအပေါင်းတို့ စုပေါင်းကျင်းပပြုလုပ်သော ရှင်သာမဏေလောင်း အပါး (၅၀၀၀)အား သာသနာ့ဘောင်သို့ သွတ်သွင်းခြင်း မင်္ဂလာအခမ်းအနား ရှင်ပြုပွဲ၌ ပါဝင်ခဲ့ကြသော ကံမမြို့နယ်မှ ရှင်သာမဏေများဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)