တောင်တွင်းကြီး ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ဗိဿနိုး ရှေးဟောင်းယဥ်ကျေးမှုနယ်မြေအတွင်း ရွှေရောင်တော်ဘုရားကြီးတွင် ရှင်အပါး (၅၀၀၀)ရှင်ပြုမင်္ဂလာကျင်းပခဲ့ပြီး မြို့နယ်အသီးသီးမှ ကလေးသူငယ်များအား ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းချီးမြောက်ပေးခဲ့ကြရာ ယခုအခါ တောင်တွင်းကြီးမြို့နယ်တွင် ရှင်အပါး (၈၀၀) ကြွချီတော်မှုသည့်အနက် ရှင်သာမဏေ (၃၇၂)ပါး အမှတ်(၁)အခြေခံပညာအထက်ကျောင်းတွင် ပြန်လည်ကြွချီ သတင်းသုံးနေထိုင်သည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှင်သာမဏေအပါး (၃၇၂)ပါးအား ယနေ့နံနက် (၈)နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ အလှူရှင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မောင်းတိုင်(၂)ရပ်ကွက် အသောကလမ်းမကြီးတွင် အာရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့၌ ရှင်သာမဏေ (၃၇၂)ပါးအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ထားရှိပြီး ဧပြီ ၁၀ ရက်နေ့အထိ အရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ရပ်ကွက်များတွင် လှည့်လည်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယဥ်ကျေးလိမ္မာသင်တန်းအား ဆရာမ (၅၉)ဦးတို့က သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)