မောက်မယ် ဧပြီ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတို့နှင့် စာရေးများတို့က လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားရာ၌ “မောက်မယ်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲပြဿနာများနှင့် လိုအပ်ချက်များအား မိမိတို့ထံရင်းနှီးပွင့်လင်းစွာ တင်ပြနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းခွင်အခက်အခဲများနှင့် လိုအပ်ချက်များအား တတ်နိုင်သမျှ ဖြည့်ဆည်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့မှသာ မောက်မယ်မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မှာဖြစ်ပြီး မြို့နယ်အတွင်းရှိပြည်သူများ၏ လူမှုစီးပွားဘဝများလည်း တိုးတက်ကောင်းမွန်လာမှာဖြစ်သလို လူနေမှုအဆင့်အတန်းများလည်း တိုးတက်မြင့်မားလာနိုင်မည်ဖြစ်ပါကြောင်း” စသည်ဖြင့်ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းသက်နိုင်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)