ဆိပ်ဖြူ ဧပြီ ၉
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများအတွက် အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့သည့် နွေရာသီပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ကျင်းပပြုလုပ်သည်။
နွေရာသီပန်းချီသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီဝါသနာရှင်များပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ကျောင်းသား/ကျောင်းသူများ အသိဉာဏ်ပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပန်းချီပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ရခြင်းဖြစ်ပြီး ၎င်းသင်တန်းကို အခြေခံပန်းချီပညာရပ်နှင့် အဆင့်မြင့်ပန်းချီပညာဟူ၍ မတ်လ ၈ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိတစ်လကြာ အခမဲ့ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးပိုင်က သင်တန်းဆင်းအမှာစကားများ တက်ရောက်ပြောကြားပေးပြီး ပန်းချီးဆရာများဖြစ်သည့် ဦးဇော်ဇော်လင်းနှင့် ဦးသောင်းစိုးထိုက်တို့က သင်ကြားပေးသည့် ပန်းချီပညာဘာသာရပ်များနှင့် ဆန်းစစ်စာမေးပွဲများ ဆောင်ရွက်ခဲ့ခြင်းများကို ရှင်းလင်းတင်ပြပေးသည်။ နွေရာသီအခမဲ့ပန်းချီသင်တန်း၌ ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက အသီးသီးဆု ချီးမြှင့်ပေးခဲ့ကြသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က အခမဲ့ပန်းချီသင်တန်းပူးပေါင်းဖွင့်လှစ်ပေးသည့် ပန်းချီဆရာများနှင့် တက်ရောက် ချီးမြှင့်ဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများအား ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားပေးပြီး သင်တန်းနည်းပြဆရာများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နွေရာသီအခမဲ့ပန်းချီသင်တန်း အခြေခံပန်းချီသင်တန်းကို ကျောင်းသား/ကျောင်းသူ ၃၃ ဦး၊ အဆင့်မြင့် ပန်းချီသင်တန်း၌ ကျောင်းသား/ကျောင်းသူ ၁၂ ဦးတက်ရောက်ခဲ့ကြောင်းသိရှိရသည်။
ကိုဇွဲ(အညာမြေ)