ငဖဲ ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်နှင့် အပူဒဏ်အန္တရာယ်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို သိရှိစေရန် ရည်ရွယ်၍ အပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၈ နာရီက ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပေကုန်းကျေးရွာ သုမင်္ဂလာရာမကန်လယ်မင်းကျောင်းတိုက်ဆရာတော် ဦးခမာဝုဓက အမှာစကားမိန့်ကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မော်က နေပူဒဏ်ကာကွယ်ရန်နည်းလမ်းကောင်းများ၊ လိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကြဉ်ရန်အချက်များနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက်ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်းဆောင်ရွက်ခဲ့ရာ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတက်ရောက်နေသည့် ကျောင်းသူ (၁၂၆)ဦးက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)