ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မစျေး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ဆင်ပေါင်ဝဲ ဧပြီ ၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြို့မစျေးအတွင်း မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ် ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးနှင့် မီးဘေးအန္တရာယ်များ ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့မစျေးအတွင်းရှိ ဆိုင်ခန်းများ အပေါ်သို့ ရေများပက်ဖြန်းပေးခဲ့ပြီး မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးထက်မြက်စိုးက မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းနည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် စျေးသူ၊ စျေးသားများက လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးကျော်ကိုကိုအောင် နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဆန်းဝင်းနှင့်  မီးသတ်တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ စျေးသူ၊ စျေးသားများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)