မင်းဘူး ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ဗိဿနိုရှင်အပါး (၅၀၀၀) ရှင်ပြုပွဲမှ ပြန်လည်ရောက်ရှိလာသော ရှင်သာမဏေလေးများအား ယမန်နေ့ နေ့လယ် ၂ နာရီမှ စတင်ကာ မင်းဘူးမြို့ မှန်ကင်းပရိယတ္တိ စာသင်တိုက်၌ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ကြောင်း သိရသည်။
ထိုကဲ့သို့ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်သင်ကြားနေသော ရှင်သာမဏေလောင်းလျာ အပါး (၇၀) တို့အား မင်းဘူးမြို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မင်းဘူးခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်စိုးစိုးအိ၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများ အလှူရှင်မိသားစုများက အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကို ဧပြီ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ပြီး ဗိဿနိုး ရှင်အပါး (၅၀၀၀) ရှင်ပြုပွဲမှ ပြန်လည်ရောက်ရှိလာသည့် ရှင်သာမဏေ အပါး (၇၀)၊ မှန်ကင်း ပရိယတ္တိ စာသင်တိုက်မှ (၁၀) ပါး၊ စုစုပေါင်း အပါး (၈၀) တက်ရောက်သင်ကြားကာ စာသင်သားရှင်သာမဏေလေးများအတွက် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆက်လက် လောင်းလှူသွားမှာ ဖြစ်ကြောင်း မင်းဘူးမြို့ မြို့နယ်သာသနာရေးမှူး ဦးရာဇာကိုကိုထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)