မော်လမြိုင်ကျွန်း နိုဝင်ဘာ ၆
လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ထားရှိမှု အခြေ အနေများကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇင်မင်းဌေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့်နေ့တွင် အခက်အခဲမရှိ အဆင်ပြေချောမွေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရှိမဲရုံများအား ရပ်ကွက်၊ ကျေးရွာများအလိုက် ဌာနဆိုင်ရာ အကြီးအကဲများ ပူးပေါင်းပါဝင်လျက်အဖွဲ့ (၁၄)ဖွဲ့ ခွဲကာ ကျေးရွာများအရောက် သွားရောက်၍ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများနှင့်ဆန္ဒမဲပေးသူများ အဆင်ပြေစေရေး ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ထားရှိမှုအခြေအနေ၊ မဲရုံများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားမှု ရှိ/မရှိ၊ မဲရုံပြင်ဆင်ရာတွင် အထောက်အကူပြုပစ္စည်းများ လုံလောက်မှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွေးကောက်ပွဲတာဝန် ထမ်းဆောင်မည့်ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များကို မှာကြားဆွေးနွေးကြသည်။
မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသည့်ရပ်ကွက်(၁၃)ရပ်ကွက်နှင့်ကျေးရွာ အုပ်စု(၁ဝ၈)အုပ်စုရှိပြီး မဲရုံပေါင်း (၃၂၂)ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ နှစ်သိန်းနှစ်သောင်းခန့်ရှိကြောင်း မြို့နယ်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။
သီတာအောင်(ပြန်ဆက်)