ဘုတ်ပြင်းမြို့၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့်ခေတ်မီစံပြကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ

ဘုတ်ပြင်း ဧပြီ     ၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘုတ်ပြင်းမြို့နယ်အတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင် ကျေးရွာစီမံကိန်း(၁၉)ယူနစ်၊ကျေးရွာ(၂၄)ရွာနှင့် ခေတ်မီစံပြကျေးရွာစီမံကိန်းကျေးရွာ (၁) ရွာကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  စီမံကိန်းလုပ်ငန်းများအလိုက် အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များဖြင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ရေရှည်တည်တံ့စေရန် ရည်ရွယ်၍  မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ခေတ်မီစံပြ ကျေးရွာထူထောင်ရေး စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်အနားတွင် ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသက်သက်ခိုင်က  စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကျင်းပ ဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စံပြမြစိမ်းရောင်ကျေးရွာဆုရရှိသည့် ကမာချောင်း+အေးချမ်းမြိုင် (၂)ကျေးရွာမှ ကျေးရွာမြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌအား မြို့နယ်ဦးစီးမှူး ဒေါ်အေးသက်သက်ခိုင်က ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့်  မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် ခေတ်မီစံပြ ကျေးရွာ ထူထောင်ရေးကော်မတီဝင်များမှ စီမံကိန်းများနှင့်စပ်လျဉ်း၍ မိမိတို့ကျေးရွာများတွင် ကြုံတွေ့ရသည့် လုပ်ငန်းအားသာချက်၊ အားနည်းချက်များ၊ အခက်အခဲများ အကြံပြုချက်များကို အုပ်စုအဖွဲ့လိုက် ဆွေးနွေးတင်ပြကြပြီး  ကျေးရွာကော်မတီဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဘုတ်ပြင်းခရိုင်၊ မြို့နယ်မြစိမ်းရောင်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်သုံးသပ် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)