ဘားအံ ဧပြီ ၈
ကရင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် ပြည်နယ်သန်းခေါင်စာရင်းကော်မတီတို့၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကရင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ရာ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို ထိထိရောက်ရောက် အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ရေး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီး ဌာနမှ ပြည်နယ်ဦးစီးမှူးဦးကျော်မြင့်က သန်းခေါင်စာရင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းမှု၊ သန်းခေါင်းစာရင်းဆိုင်ရာဆောင်ရွက်မှုများ၊ အဆောက်အဦစာရင်းတင်ခြင်းဆိုင်ရာ တင်ပြချက်၊ စာရင်းကောက်ကွက်၊ စာရင်းစစ်/စာရင်းကောက် ဆိုင်ရာတင်ပြချက်၊ ဘတ်ဂျက်ဆိုင်ရာ၊ လူထုပညာပေးနှင့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ တတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ်သန်းခေါင်စာရင်းကော်မတီဝင်များက အောင်မြင်စွာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် မြေပြင်စာရင်း ကွင်းဆင်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်ရှိမှု၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ကော်မတီများဖွဲ့စည်းထားရှိမှု၊ မြို့နယ်အလိုက်ခန့်မှန်း ကောက်ကွက်အရေအတွက်နှင့် လိုအပ်မည့် စာရင်းစစ်၊ စာရင်းကောက်ခန့်မှန်း စာရင်းတို့ကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)