ကျုံပျော် ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်းရှိ ပြည်သူများ စာမတတ်သူပပျောက်ပြီး အခြေခံ အရေး၊ အဖတ်များ တတ်မြောက်စေရန်၊ ဗဟုသုတ တိုးပွား၍ အတွေးအခေါ်မြင့်မားစေရန်အတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ စာသင်ဝိုင်းများ၌ ယနေ့မှစ၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခြေခံစာတတ်မြောက်ရေးလုပ်ငန်းများတွင် သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမ(၉၁)ဦးကို မေလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ (၃)ရက်ကြာ ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ထိရောက်သော သင်ကြားသင်ယူမှု နည်းစနစ်များနှင့် သင်ပြနည်း ဆိုင်ရာများ၊ ဝ - ထ - က - လ - သ Mobile App အသုံးပြုနည်းစနစ်များ၊ စာတတ် မြောက်မှု ပုံစံဆန်းစစ်အကဲဖြတ်ခြင်း စသည့် သင်ခန်းစာများကို ပို့ချပေးပြီးဖြစ်ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၈)ခုတို့တွင် စာသင်ဝိုင်း(၉၁)ဝိုင်းဖြင့် နည်းပြ(၉၁)ဦး၊ ကြီးကြပ် (၉)ဦးတို့က စာသင်သား (၁၀၇၇)ဦးတို့အား ဧပြီလ ၈ ရက်နေ့မှ မေလ ၉ ရက်နေ့အထိ ရက်ပေါင်း (၄၀)ကြာ၊ တစ်နေ့လျှင် ပျမ်းမျှ (၃) နာရီဖြင့် နာရီပေါင်း (၁၂၀) သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)