တောင်ငူ ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ စာမတတ်မြောက်သူများ စာတတ်မြောက်ရေးအတွက် ဧပြီလ ၆ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စာသင်ဝိုင်း(၅၃)ဝိုင်းဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာသို့ ယနေ့နံနက်(၉)နာရီအချိန်က တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာထွန်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စာသင်ဝိုင်းများသို့ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များဆောင်ရွက်ပေးသည်။ တောင်ငူမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ စာမတတ်မြောက်သူများ စာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း(၅၃)ဝိုင်းတွင် အခြေခံပညာကျောင်းများမှ နည်းပြ(၅၃)ဦး၊ ကြီးကြပ်သူ(၇)ဦး၊ တက္ကသိုလ်များမှ နည်းပြ(၅၂)ဦး၊ ကြီးကြပ်သူ(၁)ဦးဖြင့် စာသင်သူဦးရေ(၁၀၀၁)ဦးအား ဧပြီလ ၆ ရက်နေ့မှစတင်၍ ရက်ပေါင်း ၄၀ အတွင်း တစ်ရက်စာသင်ချိန် ၃ နာရီကြာ သင်ကြားပို့ချလျက်ရှိပြီး စာသင်သူတစ်ဦးလျှင် ဗလာစာအုပ်(၇)အုပ်၊ မြန်မာစာပုံနှိပ်(၁)အုပ်၊ သင်္ချာပုံနှိပ်(၁)အုပ်၊ ဘောလ်ပင်နှင့် ခဲတံထောက်ပံ့ပေးအပ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇော်ကိုကို (တောင်ငူ)