အုတ်တွင်း ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ်အတွင်းရှိ Drum Seeder ဖြင့် စိုက်ပျိုးသည့် နွေစပါးဧက (၅၀) စံပြကွက်အားကြည့်ရှုစစ်ဆေးပြီး နွေစပါးစိုက်တောင်သူများအား စိုက်ပျိုးရေရရှိရန်နှင့်အထွက် နှုန်းတိုးတက်စေရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အုတ်တွင်းမြို့နယ်အတွင်းရှိ Drum Seeder ဖြင့် စိုက်ပျိုးသည့် နွေစပါးဧက (၅၀) စံပြကွက်ကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အဆင့်သက်ဆိုင်ရာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ထို့နောက် နွေစပါးစံပြကွက် ဧက(၅၀)အနက် နတ်စဉ်ကုန်းကျေးရွာအုပ်စု နတ်စဉ်ကုန်းကျေးရွာမှ တောင်သူ ဦးတင်အုန်း၏ ကွင်းအမှတ် (၃၃၃) ဦးပိုင်အမှတ် (၁၀) နှံကောက်အမျိုးအစား နွေစပါးစံပြစိုက်ကွက် (၁၅) ဧကအား ဆက်လက်ကြည့်ရှုပြီး နွေစပါးစိုက်တောင်သူများ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ အထွက်နှုန်းတိုးတက်စေရေး၊ တစ်သီးမှနှစ်သီးတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ Drum Seeder နှင့် စိုက်ပျိုးခြင်းထက် စပါးအထွက်နှုန်းပိုမိုကောင်းစေရန် လက်ဆွဲကောက်စိုက်စက်ကို အဓိကထားအသုံးပြုစေရေး၊ ဆည်မြောင်းမှ ရေလွှတ်ပေးမှုအခြေအနေနှင့် ရေပေးမြောင်းမှရေရရှိမှု အခြေအနေများကို မေးမြန်းကာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများအကြား တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အုတ်တွင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်က နွေစပါးစိုက်ပျိုးဧက ၂၉၁၂၁ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ၂၉၃၂၁ ဧကအထိ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော (ပြန်/ဆက်)