သာယာဝတီမြို့နယ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆဲလျှော်) မျိုးစေ့ကြဲပက်ပွဲ ကျင်းပ

သာယာဝတီ ဧပြီ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ပွဲအခမ်းအနားကို သင်တောရိုးကျေးရွာအုပ်စု သင်တောရိုးကျေးရွာကွင်းအမှတ် (၁၂၅၂) ဦးပိုင်အမှတ် (၄၄) တောင်သူ ဦးထွန်းထွန်းဝင်း၏ လယ်မြေတွင်သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ကြဲပက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက်ပွဲအခမ်းအနားသို့ ​မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဆန်းဟို၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မာမာအောင်နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မာမာအောင်က သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများဖြစ်သည့် ဓာတ်မြေဩဇာသုံးစွဲမှု လျော့ချနိုင်ခြင်း၊ မြေဆီလွှာ၏ဓာတုနှင့် ဇီဝဂုဏ်သတ္တိများထိခိုက်မှု၊ ဓာတုဓာတ်ကြွင်းများကြောင့် လူနှင့်သတ္တဝါများ အသက်အန္တရာယ်ဆုံးရှုံးမှုကို ကျော်လွှားနိုင်ခြင်း၊ စိုက်ပျိုးသည့် သီးနှံပင်များတွင် ပိုးမွှာရောဂါကျရောက်မှု နည်းပါးခြင်းကြောင့် ပိုးသတ်ဆေး သုံးစွဲရန်မလိုခြင်း၊ ပေါင်းမြက်ပေါက်ပွားမှုကို လျော့နည်းစေခြင်း၊ မြေဆီလွှာကို ထိန်းသိမ်းပေးခြင်း၊ စိုက်ပျိုးသီးနှံပင်များကိုသာမက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို ထိန်းသိမ်းနိုင်ခြင်း၊ သီးနှံစိုက်ပျိုးရာသီမတိုင်မီ အချိန်တိုအတွင်း သစ်စိမ်းမြေဩဇာကို စိုက်ပျိုး၍ သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ခြင်းဖြင့် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံပင်များ အထွက်နှုန်းတိုးတက်မြင့်မားရေးကို အထောက်အကူ ပြုနိုင်ပုံများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တောင်သူများက သိရှိလိုသည်များနှင့် ပတ်သက်သည့် မေးမြန်းမှုများအား ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့​သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူ ဦးထွန်းထွန်းဝင်း၏ လယ်ယာမြေ၌ သစ်စိမ်းမြေဩဇာများအား ကြဲပက် သရုပ်ပြသခဲ့ကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)