ကလေးမြို့တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ အသိပညာပေးဟောပြောပွဲကျင်းပ

ကလေး ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စောဇာခြည်မှ စွန့်ပစ်ပစ္စည်းအမျိုးအစားများ၊ ပလတ်စတစ်၏ မူလအစ၊ ပလတ်စတစ်ထုတ်လုပ်မှုနှင့် စွန့်ပစ်မှု၊ တစ်ခါသုံး ပလတ်စတစ်များ၏ ဆွေးမြေ့ရန်ကြာချိန်၊ ညစ်ညမ်းမှုအန္တရာယ်များ၊ အဏ္ဏဝါဂေဟစနစ်နှင့် သက်ရှိများ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုများ၊ ပလတ်စတစ်လျှော့ချရေး နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့ပြီး ပြန်လည်အသုံးပြု၍ရသော စွန့်ပစ်ပစ္စည်းများနှင့် အသုံးပြု၍မရသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ ခွဲခြားစွန့်ပစ်နည်းများကို လက်တွေ့ဆောင်ရွက်ပြသခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့သည်။ ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားနိုင်စေရန်အတွက် စာဖတ်ဝိုင်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် Online Talk Show များ၊ အသိပညာပေးဆွေးနွေးများနှင့် သင်တန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)