ကျွန်းလှမြို့နယ်၌ အခြေခံစာတတ်မြောက်ရေးသင်တန်းဖွင့်လှစ်

ကျွန်းလှ ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်စေရန်အတွက် သင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး မြိုနယ်ပညာရေးမှူး ဦးမြင့်လွင်က အခြေခံစာတတ်မြောက်ရေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

အဆိုပါ အခြေခံစာတတ်မြောက်ရေးသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ကြီးကြပ်ရေးမှူးများ၊ နည်းပြဆရာ ဆရာမများ၊ စာသင်သားများ တက်ရောက်ကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စာသင်ဝိုင်း (၁၈) ဝိုင်း၊ စာသင်သား (၂၉၂) ဦးအား နည်းပြဆရာ ဆရာမ (၁၈) ဦး၊ ကြီးကြပ် (၂) ဦးတို့က ရက် (၄၀) ကြာ တစ်ရက်လျှင်ပျှမ်းမျှ သုံးနာရီနှုန်းဖြင့် နာရီပေါင်း (၁၂၀) သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရ သည်။

မျိုးဝင်းညို ကျွန်းလှ