သာပေါင်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

သာပေါင်း နို၀င်ဘာ ၆

သာပေါင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲရေး ကော်မတီအစည်း‌အဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲရေးကော်မတီ၊‌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီတို့ ဖွဲ့စည်းထားရှိပြီး ကြီးကြပ် ပေါင်းစပ်ဆောင်ရွက်ကြနိုင်ရေး၊ ခရီးဝေးကွာမဲရုံများ၏ ဆန္ဒမဲများ ပို့ဆောင်ရာတွင် လုံခြုံစိတ်ချမှုရှိရေး၊ မဲရုံများ တည်ဆောက်ထားရှိမှု အခြေအနေများ၊ မဲရုံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးတို့အတွက် ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ထားရှိမှု အ‌ခြေအနေများ၊ မဲရုံများ မီးစက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ ရာသီဥတု အ‌ခြေအနေ အ‌ပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်ထားရှိရေး၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တစ်‌ပြေးညီ ဆက်သွယ်ဆောင်ရွက်နိုင်ရေး စီမံ ထားရှိခြင်းများ၊ မီးဘေးအန္တရာယ် ကြိုတင်စီမံဆောင်ရွက်ထားရှိမှု၊ Facility Quarantine ထားရှိနေသူများ ဆန္ဒမဲ ပေးနိုင်ရေး ဆောင်ရွက်ထားမှု၊ အသက်(၆၀)နှစ်အထက် သက်ကြီးဘိုး/ဘွားများနှင့် မသန်စွမ်းသူများ ကြိုတင် ဆန္ဒမဲပေးနိုင်ရေး အိမ်တိုင်ရာရောက် ဆောင်ရွက်ထားရှိမှု၊ လုံခြုံရေးဆိုင်ရာ ကိစ္စအရပ်ရပ်များနှင့် မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေးတို့အတွက် စီမံဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ဆွေးနွေးချက်များအပေါ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ က ပေါင်းစပ်ညှိနှိုင်း အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)