ဒေးဒရဲမြို့နယ်၌ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဒေးဒရဲ ဧပြီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန့်နေ့ မွန်းလွဲပိုင်းက လမုတမံကျေးရွာအုပ်စု၊ အခြေခံ ပညာမူလတန်းကျောင်းတွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ် ဦးစီးမှူး ရုံးမှ မြို့နယ်ဦးစီးမှူး ဦးနိုင်ဦးလှိုင် ကြီးကြပ်မှုဖြင့် တိုက်နယ်မှူးနှင့်  ဝန်ထမ်းများက လမုတမံ ကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ မြေပြင်အရောက် လူကျန်စာရင်း အကွက်အပေါက်များ ကောက်ယူ ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ပြည်သူများ၊ အသက် (၁၀) နှစ်ပြည့်ပြီးသူနှင့် အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် (Biometric) ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ သက်ဆိုင်ရာ တိုက်နယ်မှူးများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးက သိရသည်။

အေဇာလင်း