ဖျာပုံ ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေပြီး မိသားစုဝင်ငွေ တိုးတက်ရရှိစေရန်နှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာ (မွမ်းမံ) သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၁၀) နာရီခွဲအချိန်က ဖျာပုံခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခြေခံစက်ချုပ်နည်းပညာ (မွမ်းမံ) သင်တန်းဆင်းပွဲတွင် ဖျာပုံခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လတ်လတ်ဝင်းက အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုဝင်ငွေ တိုးရေးစီမံကိန်းအဖြစ် အခြေခံစက်ချုပ်နည်း (မွမ်းမံ) သင်တန်းကို ထပ်မံဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချပေးလိုက်သည့် အတတ်ပညာများကို စနစ်တကျ သေချာစွာ လေ့လာမှတ်သားပြီး၊ မိမိတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဝင်ငွေတိုးတစ်နိုင်တစ်ပိုင် စီးပွားဖြစ်ဆောင်ရွက်နိုင်သည်အထိ ဆက်လက်ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာလွင်တို့က MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများအား အသီးသီးဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဖျာပုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးနှင့် မြို့နယ်အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးတို့က သင်တန်းတွင် ထူးချွန်ဆုရ သင်းတန်းသူ(၂) ဦးအား သင်တန်းသုံးပစ္စည်းများ၊ သင်တန်းတွင် ထွက်ရှိသော ကုန်ချောထည်များ၊ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)