လွိုင်ကော် ဧပြီ ၈
ကယားပြည်နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားစီမံကိန်းကော်မရှင်(၁/၂၀၂၄)အစည်းအဝေးတွင် အမျိုးသားစီမံကိန်းကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူအားလုံးက လုပ်ငန်းလမ်းညွှန်အဖြစ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဒေသန္တရစီမံကိန်းရည်မှန်းချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အားနည်းချက်၊ အားသာချက်များအား ပြန်လည်သုံးသပ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဒေသန္တရစီမံကိန်းလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်၏ ဒေသန္တရစီမံကိန်း ဥပဒေပါရည်မှန်းချက်များနှင့် လုပ်ငန်းစီမံကိန်းများသည် ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့်အတွက် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းအားပြည့်လည်ပတ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာနှစ်အတွင်း ဒေသန္တရစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်မီပြီးစီးရေးနှင့် စီမံကိန်းအသုံးစရိတ်များ သုံးစွဲရာတွင် စနစ်တကျထိရောက်စွာ စီမံခန့်ခွဲရန်လိုအပ်ကြောင်း၊ ကဏ္ဍအလိုက်နှင့် နယ်ပယ်အလိုက် သက်ဆိုင်ရာ ဌာနများမှ ဒေသန္တစီမံကိန်း ဥပဒေပါ ရည်မှန်းချက်များနှင့်အညီ အချိတ်အဆက်မိမိ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်စီမံကိန်းဦးစီးမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများကို သုံးသပ် ဆွေးနွေးခြင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ ရေးဆွဲထားမှု အပေါ် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ လယ်ယာကဏ္ဍကြီးအတွက် ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးအား လည်းကောင်း၊ စက်မှုကဏ္ဍကြီးအတွက် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာအားလည်းကောင်း၊ ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍကြီးအတွက် ပြည်နယ်ဆက်သွယ်ရေးမန်နေဂျာအားလည်းကောင်း၊ ခရိုင်များကိုယ်စား ခေတ္တလွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူးတို့အား အသီးသီးတာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)